ပထမတန်းစား အပျော်တမ်းဓာတ်ပုံဆရာ

  နံပါတ် ၁ အပျော်တမ်း ဓာတ်ပုံဆရာ ဦးသန်းမောင်။  
ဓာတ်ပုံဦးသန်းမောင်သည် ကင်မရာမကိုင်မီ ငယ်စဉ်အရွယ်ကပင် ပန်းချီဝါသနာပါကာ ရေးဆွဲသည်။ ရသပါဝင်သော အလှဗေဒကိုချစ်မြတ်နိုးသူဖြစ်နေခြင်းက ဘေးပတ်ဝန်းကျင်ရှိ ခမ်းနားလှပမှုတို့ကို ရိုက်ကူးရသော ဓာတ်ပုံပညာဘက်သို့ စိတ်ဝင်စားသွားသည်မှာ အခက်အခဲမရှိပါချေ။ အနုပညာမြောက် အနုပညာတစ်ရပ််ကိုဖန်တီးရာတွင် ပန်းချီနည်းစနစ်ဖြစ်စေ၊ ဓာတ်ပုံနည်းစနစ်ဖြစ်စေ ဘယ်နည်းစနစ်ဖြစ်ဖြစ် သဘာဝတရား၏ပြောင်းလဲတတ်သော သဘောသဘာဝနှင့် ခဏတိုင်းခဏတိုင်း ပြောင်းလဲနေမှုတို့ကို အဘယ်ပုံ အဘယ်နည်း သုံးသပ်နားလည်ရခြင်းသည်သာ ဖြစ်သည်။ ဓာတ်ပုံဦးသန်းမောင်ကို ၁၉၁၈ခုနှစ်တွင် ပုသိမ်မြို့၌ မွေးဖွားသည်။ ပုသိမ်မြို့သည် ကိုလိုနီခေတ်က စီးပွားရေးဖွံ့ဖြိုးသော မြို့တစ်မြို့ဖြစ်သဖြင့် ကုန်သွယ်ရေးအရလည်း ဖြစ်ထွန်းသည်။ ဦးသန်းမောင်သည် ပညာကောင်းစွာသင်ကြားခဲ့ရသဖြင့် အင်္ဂလိပ်စကားကို ကောင်းစွာ ရေးနိုင်ပြောနိုင်သည်။ သို့အတွက် ၁၉၃၆ခုနှစ် အသက် ၁၈ အရွယ်တွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ကာ မြို့တော်ခန်းမခေါ် ရန်ကုန်မြို့မြူနီစီပယ်ကော်ပိုရေးရှင်းတွင် အလုပ်လုပ်ကိုင်သည်။ ယင်းနှစ်မှာပင် ဓာတ်ပုံပညာနှင့် ဓာတ်ပုံကူးခြင်းတို့ကို လေ့လာသည်။ ယင်းသို့လေ့လာရာတွင် ပင်ပန်းခက်ခဲပါသည်။ ထိုစဉ်က ရန်ကုန်မြို့တွင် နက်ဂတစ်ဖလင်များကို အသုံးမပြုသေးဘဲ ဂလက်စ်ဖလင်ခေါ် (မှန်သားဖလင်)တို့ကိုသာ အသုံးပြုသေးသည်။ ဓာတ်ပုံဦးသန်းမောင်သည် မြို့တော်ခန်းမတွင် ကျန်းမာရေးအင်စပက်တာအဖြစ် လုပ်ကိုင်သည်။ လေးနက်သော အသက်မွေးဝမ်းကြောင်းကို လုပ်ကိုင်နေသဖြင့် မအားမလပ်ဖြစ်သော်ငြား သူ့ဝါသနာကို အထိအခိုက်မခံဘဲ ဓာတ်ပုံပညာကို တစိုက်မတ်မတ် လေ့ကျင့်သည်။ ဦးသန်းမောင်သည် ဓာတ်ပုံပညာကို လေ့ကျင့်သင်ကြားပေးမည့်ဆရာ မကူဘဲ လေ့လာသည်။ ဓာတ်ပုံပညာဆိုင်ရာမဂ္ဂဇင်းများကို ဖတ်ရှုရင်းဖြင့် လေ့ကျင့်သင်ယူသည်။ ယင်းစာအုပ်များသည် အင်္ဂလန်နိုင်ငံမှထုတ်စာအုပ်များဖြစ်ကာ ယင်းအချိန်အခါက ရန်ကုန်မြို့တွင် အလွယ်တကူ ရရှိနိုင်သည်။ ဓာတ်ပုံပညာဆိုင်ရာမဂ္ဂဇင်းများကိုဖတ်ရှုခြင်းဖြင့် ဓာတ်ပုံပညာအကြောင်း အသိပညာ နက်နက်ရှိုင်းရှိုင်းရရှိခြင်းမှာ အံ့သြသင့်စရာ။ သမီးဖြစ်သူ ဒေါ်ခင်သန်းယုက ငယ်စဉ် တွေ့မြင်ခဲ့ရသော မြင်ကွင်းများကို အမှတ်တရပြန်ပြောပြသည်။ မဂ္ဂဇင်းတွေက အိမ်မှာ အထပ်လိုက်ကြီးကို ရှိတာ။ နံရံပေါ်တွေမှာရောပဲ ဖြတ်ညှပ်ထားတဲ့ဓာတ်ပုံတွေကို ကပ်ထားတာ။ ဓာတ်ပုံဦးသန်းမောင်သည် ဓာတ်ပုံအကြောင်းကို တကယ် တတ်သိနားလည်သူ။
ဓာတ်ပုံဦးသန်းမောင်သည် ၁၉၄၅ခုနှစ်တွင် ဓာတ်ပုံအန်လာဂျာစက် (ဓာတ်ပုံကူးစက်) အား ပထမဆုံးဝယ်ယူကာ သူကိုယ်တိုင်ရိုက်ကူးထားသော ဓာတ်ပုံများကို ပုံထုတ်သည်။ ဖလင်များကိုလည်း သူကိုယ်တိုင် ဆေးသည်။ ဓာတုဗေဒပစ္စည်းအမယ်များကို စပ်သည်။ လက်ဖြင့် ဓာတ်ပုံဆေးချယ်သည်။ ဤ စွမ်းရည်များအားလုံး သူ့ ဖာသာသူ လေ့လာသင်ယူတတ်မြောက် သည်။ ကျန်းမာရေးအင်စပက်တာအဖြစ် အလုပ်လုပ်ကိုင်ရသဖြင့် ဦးသန်းမောင်တို့မိသားစုသည် မြို့တော်ခန်းမသို့ ပြောင်းရွှေ့နေထိုင်သည်။ နောက်ပိုင်းတွင် အကြောင်းသင့်ပြီး ကျန်းမာရေးဝန်ကြီးဌာနတွင် ဓာတ်ပုံဆရာအဖြစ် လုပ်ကိုင်ဆောင်ရွက်သည်။ မြို့တော်ခန်းမတွင် ပျော်ပျော်ရွှင်ရွှင် ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့ရခြင်းတို့ကို ဒေါ်ခင်သန်းယု ပြန်လည် အမှတ်တရရှိသည်။ မြို့ပြတွင်နေထိုင်ရခြင်းကြောင့် ဦးသန်းမောင်အတွက် အလုပ်အကိုင်အဆင်ပြေစေသည်သာမက အခြားသော ဓာတ်ပုံပညာကိုလိုက်စားလေ့လာသူများနှင့်ပါ ထိတွေ့ခွင့်ရသည်။ ဓာတ်ပုံပညာကို စိတ်ဝင်စားသော မိတ်ဆွေသူငယ်ချင်းများနှင့် သိကျွမ်းရင်းနှီးဖို့ ဖန်လာသည်။ သူနှင့် အရင်းနှီးဆုံး ဓာတ်ပုံ ရောင်းရင်းများမှာ ဦးခင်လေးမောင် (မီးရထားဝန်ထမ်း)၊ ဦးတင့်လွင် (အကောက်ခွန်)၊ ဦးမောင်မောင်တင် (အမေရိကန် သံရုံး)၊ ဦးဂွမ်ဟုတ်နှင့် ဒေါက်တာ စိန်လှိုင်ချမ်း (အိမ်နီးချင်း) တို့ဖြစ်သည်။ ဘားလမ်းရှိ ဦးသန်းမောင်တို့ နေအိမ်သို့ အနက်ရောင်အော်စတင်ကားဖြင့် ဦးဂွမ်ဟုတ် အိမ်အလည်လာသည်ကို ဒေါ်ခင်သန်းယု မှတ်မိနေသေးသည်။ နောက်တော့ သူ့ကားဖြင့် မင်္ဂလာဒုံမြို့နယ်ရှိ ကြာပန်းပွင့်သော ရေကန်သို့ ဓာတ်ပုံသွားရောက် ရိုက်ကူးခြင်းတို့ကို အမှတ်တရရှိနေသည်။ ဦးသန်းမောင်သည် ၁၉၄၈ခုနှစ် ရွှေတိဂုံဘုရားအနောက်ဖက်စောင်းတန်းတွင် ကျင်းပသော ဓာတ်ပုံနှင့် ပန်းချီပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ပထမဆုရရှိသည်။ သူသည် မြန်မာနိုင်ငံ ဓာတ်ပုံအသင်း၏ ပူးတွဲတည်ထောင်သူဖြစ်ကာ အဖွဲ့ဝင်အမှတ်မှာ ၀၀၁ ဖြစ်သည်။ အထူးချွန်ဆုံး အပျော်တမ်းဓာတ်ပုံဆရာတစ်ဦးဖြစ်သည်သာမက ဓာတ်ပုံပညာလည်း ကျွမ်းကျင်သဖြင့် အခြား အသင်းဝင်များကလည်း သူ့အား တလေးတစားရှိကြသည်။ ဓာတ်ပုံဦးသန်းမောင်သည် ၁၉၅၅ခုနှစ်တွင် ဒေါ်ခင်ခင်နှင့် လက်ထပ်ထိမ်းမြားသည်။ ဇနီးသည် ဒေါ်ခင်ခင်သည် ဦးသန်းမောင်၏ဝါသနာ ဓာတ်ပုံရိုက်ကူးခြင်းကို အဘက်ဘက်မှ အားပေးကူညီခဲ့သည်။ မကြာခဏဆိုသလို ဓာတ်ပုံမော်ဒယ်လုပ်ပေးသည်။ တစ်ခါတစ်ရံ ဦးသန်းမောင်သည် မိသားစုထက် ဓာတ်ပုံကို ပိုပြီးချစ်မြတ်နိုးသည်ဟု ထင်မြင်ရသည်။ အမှောင်ခန်းထဲတွင်သာ အချိန်ပေါင်းများစွာကို ကုန်ဆုံးသည်။ သို့သော် သမီးဖြစ်သူ ဒေါ်ခင်သန်းယုက သူ့အဖို့ ဖခင်ဖြစ်သူ ဦးသန်းမောင်အတွက် ဂုဏ်ယူမိကြောင်း၊ နောက်ခံအမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိိုးဖြင့် မော်ဒယ်လုပ်ပေးရခြင်းကို ကျေနပ်နှစ်သက်ကြောင်းပြောပြသည်။ ဓာတ်ပုံဦးသန်းမောင်သည် ၁၉၅ရခုနှစ်တွင် ပြင်သစ်နိုင်ငံ ဘော်ဒိုးမြို့ ဓာတ်ပုံပြိုင်ပွဲတွင် သူ့ဓာတ်ပုံသုံးပုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည်။ မြန်မာနိုင်ငံတွင်ကျင်းပသော အခြားသော ဓာတ်ပုံ ပြိုင်ပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ကာ ဆုများအကြိမ်ကြိမ် နှစ်စဉ်တိုင်းလိုလို ရရှိသည်။ ကျန်းမာရေး ညံဖျင်းလာသဖြင့် ၁၉၈၈ ခုနှစ်တွင် ဓာတ်ပုံမရိုက်ကူးတော့ပါ။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံအနှံ့အပြားသို့ ရောက်ရှိရာ ဂုတ်ထိပ်တံတား၊ လောပိတ ရေအားလျှပ်စစ်စက်ရုံ၊ မိုးဗြဲဆည်၊ မြစ်ကြီးနား၊ ကော့သောင်း၊ သံတွဲနှင့် ရှမ်းပြည်နယ်ရှိ နေရာအများအပြားသို့ သွားရောက် ခဲ့သည်။ ဓာတ်ပုံဦးသန်းမောင်သည် ၁၉၉၂ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တိမ်းပါးသွားကာ သူကိုယ်တိုင်ရိုက်ကူးခဲ့သော ဓာတ်ပုံများကို သမီးဖြစ်သူ၊ မိသားစုတို့နှင့်အတူ ချန်ထားရစ်သည်။ ဆန်းလင်းထွန်း (ဒေါ်ခင်သန်းယုနှင့် တွေ့ဆုံမေးမြန်းခြင်း။ ဒီဇင်ဘာ ၂၀၁၈။)
 

ပထမတန်းစား အပျော်တမ်းဓာတ်ပုံဆရာ

19.00

Out of stock

Category: