ရုပ်ရှင်ပိုစတာအဟောင်းများ။

By San Lin Tun

ရုပ်ရှင်ပိုစတာလေ့လာခြင်းသည် အလွန်စိတ်ဝင်စားစရာကောင်းသော လူမှုဆိုင်ရာ လေ့လာမှုတစ်ရပ် ဖြစ်သည်။ ရုပ်ရှင်ပိုစတာများသည် ရုပ်ရှင်ကြည့်သူများ၊ ရုပ်ရှင်ဝါသနာအိုးများအတွက် ရသပိုင်း အရည်အသွေးဖြင့် ဖမ်းစားနိုင်သည်ကား အမှန်ဖြစ်သည်။ ရုပ်ရှင်ပိုစတာတို့သည် ရုပ်ရှင်၏အနှစ်ချုပ် သို့မဟုတ် အနှစ်အသားကို ပြောပြနိုင်သလို ရုပ်ရှင်ထဲတွင် ပါဝင်သော သရုပ်ဆောင်များကိုလည်း ဖော်ညွှန်းပြနိုင်သည်။   ၁၉၅၀ ပြည့်နှစ်များဆီက မြန်မာနိုင်ငံတွင် ရုပ်ရှင်ရုံပေါင်း ၁၅၀ ခန့် ရှိပြီး သုံးပုံတစ်ပုံသည် ရန်ကုန်မြို့တွင် တည်ရှိသည်။   ရုပ်ရှင်ထုတ်လုပ်သူများသည် ရုပ်ရှင်ချစ်သူများကို ဆွဲဆောင်နိုင်ရန် နည်းမျိုးစုံကို တွေးတောကြံဆလျှက် အတော်ဆုံး ရုပ်ရှင်ပိုစတာ ရေးဆွဲသော ပန်းချီဆရာများကို ရေးဆွဲခိုင်းလေသည်။   နမူနာညွှန်းပြရသော် မြန်မာဂန္ထဝင်ဇာတ်ကား တစ်ကားဖြစ်သော လူထုအောင်သံ ရုပ်ရှင်ကို ၁၉၅၄ ခုနှစ်တွင် ဒါရိုက်တာ ဂျော့ချ်ဆိန့်ဇ် ဂျုနီယာက ရိုက်ကူးပြီး ဝန်ကြီးချုပ်ဟောင်းဉီးနုရေးသားသော ပြဇာတ်တွင် အခြေတည်ထားသည်။ ယင်းရုပ်ရှင်ဇာတ်ကားကို အမေရိကန် ကက်စ်ကိတ်ရုပ်ရှင်ကော်ပိုရေးရှင်းက ထုတ်ဝေသည်။   ယင်းရုပ်ရှင်မှာ လူထုထံ ဒီမိုကရေစီ၏တန်ဖိုးကို သိရှိနားလည်စေချင်သော စေတနာ၊ ကွန်မြူနစ်ဝါဒ ဆန့်ကျင်ရေးရည်ရွယ်ချက်တို့ဖြင့် ရိုက်ကူး ထုတ်ဝေခြင်းဖြစ်သည်။ ယင်းရုပ်ရှင်တွင် ပါဝင်သော သရုပ်ဆောင်များမှာ ဗိုလ်မှူး ဗကို၊ မောင်မောင်တာ၊ လှမောင်လေး၊ မထားထားနှင့် မကြင်ပိုတို့ဖြစ်သည်။ ဤရုပ်ရှင်ပိုစတာက ဝတ်စုံအမျိုးမျိုးဖြင့် ဇာတ်ကောင်များ၏စရိုက် မျက်နှာထက်တွင် ပေါ်လွင်လှရာ ရုပ်ရှင်တစ်ကား၏ စိတ်လှုပ်ရှားမှု၊ သည်းထိပ်ရင်ဖိုဖြစ်မှုတို့ကို ထပ်ဆောင်းပံ့ပိုးနေသည်။   ရှုမဝဉီးကျော် ရိုက်ကူးသော အပယ်ရတနာ ရုပ်ရှင်၏ ရုပ်ရှင်ပိုစတာသည် ထူးခြားလှသည်။ ရုပ်ရှင်မှာ စာရေးဆရာ မြမျိုးလွင်၏ ဝတ္ထုဇာတ်လမ်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်သည်။ သရုပ်ဆောင်များမှာ ညွန့်ဝင်းနှင် စမ်းစမ်းအေးဖြစ်ကာ ဇာတ်ပို့များအဖြစ် မောင်ယဉ်ကြည်၊ ချစ်စိန်၊ ဉီးကြည်မောင်၊ မေနွယ်၊ ဒေါင်းနွယ်ဆွေ၊ ခင်မိုးမိုးနှင့် ရှုမဝ ဝိုင်းတော်သားများဖြစ်ကြသည်။ ဤရုပ်ရှင်၏အနှစ်သာရကို တယောတစ်လက်ဖြင့် တင်စားကိုယ်စားပြုထားရခြင်းမှာ ဇာတ်လမ်းတွင် ဆင်းရဲနွမ်းပါးသော အဖိုးအိုနှင့် မြေးမလေးတို့က ပုဂံဘုရားများတစ်ဝိုက် တယောထိုးရင်း တောင်းရမ်းအလှူခံကြသည့်အတွက် ဖြစ်သည်။   နောက်ထပ်ရုပ်ရှင်တစ်ကားမှာ ပန်းသာမစာဉ ဖြစ်ပြီး ပန်းသာ ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်ဝေခြင်းဖြစ်သည်။ ဇာတ်လမ်းမှာ နာမည်ကျော်စာရေးဆရာ သခင်ဘသောင်း၏ ဝတ္ထုဇာတ်လမ်းတွင် အခြေခံထားသည်။ သရုပ်ဆောင်များမှာ ဇေယျ၊ အေးကြူ၊ မေသစ်၊ သာဂေါင်ကြီး၊ ဒေါ်ဂျမ်းစိန်၊ မြနွယ်၊ ဉီးစိန်မြင့်၊ ကို ဘချစ်၊ မန်းလှဖေ၊ ဒေါ်ခင်ညွန့်နှင့် မေကြင်တို့ဖြစ်ကြသည်။   ယင်းပိုစတာကို ကြည့်မည်ဆိုပါက သရုပ်ဆောင်မေသစ်က ရွာအလှူတစ်ခုသို့ သွားကာ မြို့သား ဘချစ်၊ ဇေယျနှင့် မန်းလှဖေတို့နှင့် တွေ့သည့်အကြောင်းကို တွေ့မြင်ရပါမည်။ ပရိသတ်တို့သည် ဇေယျ၊ မေသစ်တို့အကြား ချစ်ခင်နှစ်သက်မှုကို ခံစားသိရှိနိုင်ပြီး သူတို့နှစ်ဉီး၏အချစ်လမ်းကြောင်း အဘယ်သို့ ဆုံစည်းကြရမည်ကို မှန်းဆနိုင်ကြသည်။ ပိုစတာတွင် သူတို့နှစ်ဉီးဘေးချင်းယှဉ်လျက်ထိုင်နေကြကာ ဇေယျက မေသစ်ကို ရွှန်းရွှန်းစားစားကြည့်နေသည်ကို တွေ့ရပါမည်။ အပြိုင်မင်းသား အေးကြူက သူတို့နှစ်ဉီးကို မချိပြုံးဖြင့် ကြည့်နေသည်ကိုလည်း တွေ့ရမည်ဖြစ်ကာ အခြားသော ဇာတ်ပို့များက သူတို့ကို မော့ကြည့်နေကြသည်ကို တွေ့မြင်ရပါမည်။   နောက်ထပ်ရုပ်ရှင်တစ်ကားမှာ အိမ်ထောင်စု ဆိုသော ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ဆရာ ဉီးချင်းစိန်က ဒါရိုက်တာအဖြစ် ရိုက်ကူးသည်။ ဤရုပ်ရှင်က အိမ်ထောင်စုတစ်စုထဲမှ အိမ်သူအိမ်သားတိုင်းပါဝင်သော အခန်းက တစ်ခုချင်းဆီတိုင်းကို ဖော်ညွှန်းပြသထားသည်။ သရုပ်ဆောင်များမှာ ထွန်းဝေ၊ ခင်ယုမေ၊ ကောလိပ်ဂျင် နေဝင်း၊ မခင်ကြည်၊ မယ်ဗမာ စိန်ကြည်တို့ဖြစ်သည်။ ဤရုပ်ရှင်ပိုစတာတွင် ပါဝင်သူဇာတ်ကောင်များကို ဖော်ညွှန်းထားပြီး ဇာတ်ကောင်တစ်ဉီးချင်းဆီတိုင်း၏ မျက်နှာအမူအရာကို အထူးပြု ညွှန်းဆိုပြသထားသည်။ ဇာတ်ကောင် အားလုံး အပြုံးကိုယ်စီနှင့် သောကဒုက္ခတို့ကို သူတို့မျက်နှာ ထက်တွင် လုံးလုံးလျားလျား မတွေ့မမြင်ရပေ။●   

 

 

 

 

ဆန်းလင်းထွန်းသည် အက်ဆေး၊ ကဗျာ၊ ပုံပြင်တိုများနှင့် ဝတ္ထုများကိုမြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာဖြင့်ရေးသားသော အလွတ်တန်းစာရေးဆရာတစ်ယောက်ဖြစ်ပါသည်။ သူ၏အရေးအသားများတွင် ဂျော့ဂျ်အိုဝယ်လ်ဝတ္ထုအားလက်ဖက်ရည်ဆိုင်တွင်ဖတ်ခြင်းနှင့် အခြားအက်ဆေးများ၊ Big Bunny ရောက်ရှိလာခြင်း၏ထူးခြားမှုနှင့် အခြားပုံပြင်တိုများ၊ နှင့်သူ၏နောက်ဆုံးရေးသားထာသော အင်္ဂလိပ်စာရေးဆရာတစ်ယောက် တို့ပါဝင်သည်။ သူသည် ရန်ကုန်တွင်ဇနီး၊ သားနှစ်ယောက်နှင့်အတူနေထိုင်သည်။