ရုပ်ရှင်ဝါသနာအိုးတစ်ဉီး

ရေ.သူ – ဥာဏ်ရဲရင့်ဝင်း

 

 

မြန်မာ့ရုပ်ရှင် ရွှေရတုကာလမှာ တစ်ခေတ်မှာတစ်ယောက် အောင်မြင်ကျော်ကြားတဲ့ စွယ်စုံရ အနုပညာရှင်ကြီး တစ်ဦး ရှိခဲ့ပါတယ်။ သူကတော့ “ဝင်းဦး” ပါ။ သူ့ခေတ်သူ့အခါက အင်မတန် ကျော်ကြားပြီး လူကြိုက်များတဲ့ အနုပညာရှင်တစ်ဦးပေါ့။ “ဝင်းဉီး”ဟာ ရုပ်ရှင်၊ ဂီတ၊ ပြဇာတ်၊ စာပေ စသည်ဖြင့် နယ်ပယ်ပေါင်းစုံမှာ ထူးချွန်သူဖြစ်တာမို့ “စွယ်စုံရ အနုပညာရှင်ကြီး” ရယ်လို့ အများက နှစ်သက်ချီးကျူးကြပါတယ်။.

 

(စွယ်စုံရ အနုပညာရှင်ကြီး “ဝင်းဉီး” )

 

ရှေးက Social Media မပေါ်ခင်ကာလ တစ်လျှောက်လုံး ရုပ်ရှင် နှင့် ပြဇာတ် သည်သာ လူထုအကြားမှာ အထိရောက်ဆုံးဖျော်ဖြေရေးတစ်ခုဖြစ်ခဲ့ပါတယ်။ ရုပ်ရှင် (သို့မဟုတ်) ပြဇာတ် သရုပ်ဆောင်တွေက အဲ့ခေတ်က လူထုအသည်းစွဲ Influencer တွေပေါ့။

(ရုပ်ရှင်ဝါသနာအိုးများ စုစည်းရာ Star’s Fan Club ရဲ့ အသင်းဝင်ကတ်ပြား)

 

ဝင်းဦးကို အသည်းစွဲဖြစ်ခဲ့တဲ့ ပရိတ်သတ်တစ်ယောက်နဲ့ သူ့ရဲ့ စုဆောင်းမှုလေးတွေ အကြောင်း သိချင်ကြမယ်ထင်တယ်နော်။

(ကိုမောင်မောင်လှ)

 

သူ့နာမည်ကတော့ “မောင်မောင်လှ” ပါတဲ့။ မိတ်ဆွေတွေက သူ့ကို “ကိုလှ” ဆိုပြီး အတိုကောက် ခေါ်လေ့ရှိပါတယ်။ “ကိုလှ”ဟာ စုဆောင်းသူ တစ်ဉီးလည်း ဖြစ်သလို ရုပ်ရှင်ဝါသနာအိုး တစ်ဉီးလည်းဖြစ်ပါတယ်။

( “ကိုလှ” စုဆောင်းထားတဲ့ “ဝင်းဉီး”ပုံပါ ပို့စကတ်များ )

 

“ကိုလှ”က ရုပ်ရှင်ဝါသနာအိုးဖြစ်တဲ့ အလျောက် ရုပ်ရှင် ပိုစတာတွေ၊ မင်းသားမင်းသမီးတွေရဲ့ ဓာတ်ပုံ၊ ပို့စကတ်တွေနဲ့ လက်ကမ်းကြော်ငြာ စာရွက်ကလေးတွေကို စုဆောင်းပါတယ်။ မင်းသားမင်းသမီးတွေ အများကြီးထဲမှာမှ “ကိုလှ”အကြိုက်ဆုံး မင်းသားက “ဝင်းဉီး”ဖြစ်ပါတယ်။ “ကိုလှ”က “ဝင်းဉီး”ကို ဘယ်လောက် အသဲစွဲ ဖြစ်သလဲ ဆိုတာကို သူ့ရဲ့ စုဆောင်းမှုတွေကနေတဆင့် သိနိုင်ပါတယ်။ ကဲ “ကိုလှ”ရဲ့ စုဆောင်းမှုလေးတွေကို ကြည့်ကြည့်ရအောင်။

(“ဝင်းဉီး” ရဲ့ နာမည်ကြီး ရုပ်ရှင်သီချင်း စာအုပ်များ)
(သတင်းစာတွေထဲမှ “ကိုလှ”ကိုယ်တိုင် သေသေချာချာ ဖြတ်ညှပ်သိမ်းဆည်းထားတဲ့ “ဝင်းဉီး”ပုံရိပ်များ)
( “ဝင်းဉီး”ရဲ့ အမှတ်တရ လက်မှတ်ပါဝင်တဲ့ ဓာတ်ပုံ)
(ရုပ်ရှင်သစ် မဂ္ဂဇင်းမှ ဖြဲယူသိမ်းဆည်းထားတဲ့ မျက်နှာဖုံး)
( “ဝင်းဉီး” ရဲ့ အမာခံပရိတ်သတ်ဖြစ်သူ “ကိုမောင်မောင်လှ” ကိုယ်တိုင် ၁၉၆၀ခုနှစ်ဝန်းကျင်က ရေးဆွဲခဲ့သော ပန်းချီကား)
( တစ်ခုသော ဂီတပဒေသာ ဖျော်ဖြေပွဲတွင် အတူတွေ့ရသော “ဝင်းဉီးနှင့် ကိုမောင်မောင်လှ” /၁၉၈၀ ဝန်းကျင်)

ယခုနှစ် ၂၀၂၀ ဟာ မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်တဲ့နှစ်ဖြစ်တာမို့ ရုပ်ရှင်ဝါသနာအိုး တစ်ယောက်ရဲ့ စုဆောင်းမှုလေးတွေကိုဖော်ပြရင်း ယခုဆောင်းပါးလေးနဲ့ ဂုဏ်ပြုတင်ဆက်လိုက်ပါတယ်။ ( ရေ.သူ – ဥာဏ်ရဲရင့်ဝင်း )

 

 

Nyan Yel Yint Win ဉာဏ်ရဲရင့်ဝင်းဟာ သမိုင်းကြောင်းဝါသနာရှင်နှင့် စုဆောင်းသူတစ်ဦးပါ။ သူ့စုဆောင်းမှုမှာ မြန်မာ့သမိုင်းကြောင်းကိုတွေ့ရမယ့် ဓာတ်ပုံ ၄ဝဝကျော်ရှိပြီး အဝတ်အစားများ၊ စာရွက်စာတမ်းများနှင့် ရှားပါးသွားပြီဖြစ်သော မဂ္ဂဇင်းများလည်းပါဝင်ပါတယ်။ သူရဲ့ယခုစုဆောင်းမှုတော်တော်များများကို ဘေးအိမ်မှာနေတဲ့သူတွေဆီကရခဲ့ပြီး အသိ အဘိုးတစ်ယောက်ဆီကနေထပ်တောင်းထားတာတွေရှိပေမယ့် အဲ့အဘိုးကတော့ သူ့ဓာတ်ပုံတွေနဲ့ ရှေးပစ္စည်းတချို့ ဉာဏ်ကိုမပေးသေးပါဘူး။