စစ်အတွင်းဂျပန်ပို့စကတ်များ

By San Lin Tun

 

 

သိမ်းပိုက်ထားသောနိုင်ငံများမှ ဝါဒဖြန့်ချီရေးတို့အတွက် ပို့စကတ်များ၊ လက်ကမ်းစာစာင်များနှင့် ပိုစတာများကို နိုင်ငံများနှင့် စစ်ဘက်တို့က စစ်အတွင်းကာလများတွင် အသုံးပြုသွားကြကြောင်းကို သိရမည်ဆိုပါက အံ့အားသင့်ကြပေမည်။ ဤနေရာတွင် ပြထားသည့်အတိုင်း ဂျပန်များသာမက အစိုးရများသည် ဤကဲ့သို့ စစ်အတွင်းလုပ်ဆောင် သွားကြသည်။ အစိုးရများက ပို့စကတ်များတွင်ရှိသော အလှတရားက စိတ်လှုပ်ရှားမှု၊ စိတ်ခံစားမှုတို့ကို ဖြစ်ပေါ်စေပြီး ဇာတ်လမ်းအကြောင်းအရာတစ်ပုဒ်ကိုလည်း ပြောပြပေးနိုင်ကြောင်း  သိရှိနားလည် ထားကြသည်။ ဂျပန်စစ်အတွင်းပို့စကတ်များကို ဝါဒဖြန့်ချိရေးအတွက် အသုံးပြုကြပြီး၊ ၎င်းကို ဗျူဟာတစ်ရပ် အဖြစ်သိရှိကြကာ ဂျပန်စကားဖြင့် ဆန်ဆိုဂါ (ဝါဒဖြန့်အနုပညာတစ်ရပ်)အဖြစ် သိရှိထား ကြသည်။ ဤနေရာတွင် ဖော်ပြထားသော ဒုတိယကမ္ဘာစစ်အတွင်းက ဖြန့်ချိသော ပို့စကတ်များကို ကြည့်ပါက ဤသဘောတရားကို တွေ့မြင်နိုင်ပါမည်။ ပို့စကတ်များပေါ်ရှိ ရုပ်ပုံများကို လေ့လာစမ်းစစ်ကြည့်ပါက လူထုကို သူတို့ ပြောချင်သော အကြောင်းအရာများကို အလွယ်တကူ နားလည်နိုင်ပါမည်။ ပို့စကတ်များပေါ်ရှိ ရုပ်ပုံများက ဂျပန်ဧကရာဇ် သို့မဟုတ် ဂျပန်တပ်မတော်တို့ အဘယ်မျှ စွမ်းအားကြီးကြောင်း ပြသထားလေ့ရှိသည်။ ၁၉၃၉ခုနှစ်တွင် ဖွဲ့စည်း တည်ထောင်သော ဂျပန်တပ်မတော် အနုပညာအဖွဲ့ (ရီကူဂန် ဘီဂျစ်ဆု ကျိုကိုင်)က လူသူများ၊ ထူးချွန်ထက်မြက်သော ဂျပန်ပန်းချီဆရာများကို ဤ ပို့စကတ်များအတွက် ရုပ်ပုံများကို ရေးဆွဲထုတ်လုပ် ခိုင်းသည်။ ဂျပန်တပ်မတော် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသောအခါ ထွက်ခွာသွားပြီဖြစ်သော ဗြိတိသျှတပ်မတော်တို့၏တံဆိပ်ခေါင်းများကို အသုံးပြုကြသည်။ သို့သော် မူလအခြေအနေကို သိုဝှက်ထားရန် တံဆိပ်ခေါင်း အဟောင်း များပေါ်တွင် ဒေါင်းတံဆိပ်နှိပ်ကာ အသုံးပြုကြသည်။ စာပို့ခြင်း၊ လက်ခံခြင်းမှာ သတင်းများဖလှယ်ရန်အတွက်သာဖြစ်ပြီး တပ်မတော်အတွက် အလွန်အရေး ပါသည်။ တိုကျိုမြို့ရှိ “နှစ်ထပ်တံတား”သည် ဘုရင့်နန်းတော်နှင့် ဆက်စပ်သဖြင့် ပို့စကတ်များ ပေါ်တွင် မကြာခဏ ရေးဆွဲတင်ပြထားတတ်ကြသည်။ အချို့ပို့စကတ်များတွင် ရှင်တိုဘုရားကျောင်းများကို ပြသထား သည်မှာ ၎င်းတို့သည် ဂျပန့်စိတ်ဓာတ်နှင့် စိတ်ဝိဉာဉ် တို့ကို ကိုယ်စားပြုသည်ဟု ယူဆသည့်အတွက် ဖြစ်သည်။ အချို့ ပို့စကတ်များက ဒေသတွင်းစိုက်ပျိုးသော ကောက်ပဲသီးနှံများနှင့် လက်မှုအထည်များ၊ တစ်ခါတစ်ရံ ဂျပန် မြှားအတတ်စသည်တို့ကို ဖော်ပြထားသည်။ စစ်ရေးပြကွင်းတွင် ခမ်းနားထည်ဝါစွာ ချီတက်နေသော တင့်ကားတပ်ကိုလည်း တစ်ချို့ ပို့စကတ်များတွင် ပြသထားသည်။ တစ်ချို့ ပန်းချီဆရာများက သိသာထင်ရှားသော အရှေ့တောင်အာရှ စစ်ပွဲများ အထူးသဖြင့် မလေးရှား စစ်မြေပြင်ဖြစ်သော “ပလန်ဘန် ရေနံချက်စက်ရုံကိုတိုက်ခိုက်သော လေထီးတပ်သားများ”ကို ရေးဆွဲပြသထားသည်။ လေထီးတပ်သားများ လေယာဉ်များပေါ်မှ စစ်မြေပြင်သို့ ဆင်းသက်နေပုံကို ရေးဆွဲထားသည်။ မြန်မာနိုင်ငံနှင့်ဆက်စပ်နေသော ပို့စကတ်များလည်း ရှိပြန်သည်။ နမူနာပြသထားသော ပို့စကတ်များအရ ရွာသူရွာသားများက ရွာများမှထွက်လာကာ ဂျပန်စစ်သည်များကို ရေတိုက်သောပုံဖြစ်သည်။ ဒေသခံလူများ က ဂျပန်စစ်သည်များနှင့် ရောရောထွေးထွေးနေချင်ပုံရသည်။ သူတို့အထင်က သူတို့အတွက် အောင်ပွဲကို သယ်ဆောင်လာပေးသည်၊ ဗြိတိသျှနယ်ချဲ့များကို တိုက်ထုတ်ရာတွင် ကူညီမည်ဆို့သည်ဟု တွေးထင်ထားသည်။ ပို့စကတ်များတွင် ကာတွန်းပညာရှင်ယိုရှိဂါကီ ဆေအိတန်ရေးဆွဲသော ပုံတစ်ပုံများ ထူးခြားပေါ်လွင်သည်။ ပုံက မျက်နှာမပါသော ဂျပန်စစ်သားတစ်ဉီးပုံ။ သူ့ကို ပျော်ရွှင်နေသော အာရှခလေးငယ်များက ဝန်းရံထားရာ စစ်သည်၏ဖော်ရွေပျူငှာမှုကို ပြသသည်။ ဤပုံမှာ စိတ်ကူးစိတ်သန်းပါသော ဗျူဟာတစ်ရပ်ဖြစ်သည်။ အကြောင်းမှာ ပုံဆွဲသူက ပုံကိုကြည့်သူအား ပုံကိုပြီးပြည့်စုံသွားအောင် ဖြည့်ဆွဲစေချင်သည်။ ဘယ်သူမဆို မျက်နှာလွတ်နေရာတွင် ကိုယ်ကြိုက်သည်မျက်နှာကို ရေးဆွဲဖြည့်ထည့်နိုင်သည်။ ထိုသူကို အာရှကလေးငယ် များကို စောင့်ရှောက်သူအဖြစ် လေးစားကြည်ညိုကြပေမည်။ ပို့စကတ်များက ကျွန်တော်တို့ကို အကြောင်းအရာတွေအများကြီး ပြောပြနေသည်။ ဒုတိယကမ္ဘာစစ် အတွင်းက ဂျပန့်တပ်မတော် အဘယ်မျှ စုစည်းမှုကောင်းကြောင်းစသည်ဖြင့်… ဤသို့အားဖြင့် ပို့စကတ်များမှတစ်ဆင့် သမိုင်းကြောင်းကို ပြန်လည်လေ့လာနိုင်သည်။ အထူးသဖြင့် စာပို့လုပ်ငန်းသမိုင်း ခေါင်းစဉ်အောက်တွင် လေ့လာသင့်သည့် အကြောင်းအရာဖြစ်သည်။●
 

ဆန်းလင်းထွန်းသည် အက်ဆေး၊ ကဗျာ၊ ပုံပြင်တိုများနှင့် ဝတ္ထုများကိုမြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာဖြင့်ရေးသားသော အလွတ်တန်းစာရေးဆရာတစ်ယောက်ဖြစ်ပါသည်။ သူ၏အရေးအသားများတွင် ဂျော့ဂျ်အိုဝယ်လ်ဝတ္ထုအားလက်ဖက်ရည်ဆိုင်တွင်ဖတ်ခြင်းနှင့် အခြားအက်ဆေးများ၊ Big Bunny ရောက်ရှိလာခြင်း၏ထူးခြားမှုနှင့် အခြားပုံပြင်တိုများ၊ နှင့်သူ၏နောက်ဆုံးရေးသားထာသော အင်္ဂလိပ်စာရေးဆရာတစ်ယောက် တို့ပါဝင်သည်။ သူသည် ရန်ကုန်တွင်ဇနီး၊ သားနှစ်ယောက်နှင့်အတူနေထိုင်သည်။