တစ်ချိန်တုန်းက အာရှထိပ်သီးမြန်မာနိုင်ငံ

By Nyan Yel Yint Win

 

 

လွန်ခဲ့တဲ့ ၆၅နှစ်က မြန်မာနိုင်ငံရဲ့ မှတ်တမ်းတင်စရာ ဖြစ်ရပ်လေးတစ်ခုကို အမှတ်တရအဖြစ် ဖော်ပြပေးချင်ပါတယ်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ဉီးနုအစိုးရ လက်ထက်မှာ မြန်မာနိုင်ငံက အာရှတိုက်ရဲ့ ထိပ်သီး နိုင်ငံကြီးတစ်ခုအဖြစ် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းခဲ့တယ်ဆိုတာ ယုံတမ်းစကားတွေမဟုတ်ခဲ့ပါဘူး။ မြန်မာနိုင်ငံဟာ ၁၉၅၅ ခုနှစ်ဝန်းကျင်က အာရှထိပ်သီးနိုင်ငံတစ်ခုဖြစ်ခဲ့တယ်ဆိုတာကို အဲ့သည့်ခေတ်က သမိုင်းမှတ်တမ်း ဓာတ်ပုံများနဲ့ သက်သေပြပါမယ်။ ၁၉၅၅ ခုနှစ်မှာ အာရှ – အာဖရိကန်နိုင်ငံများထိပ်သီး ညီလာခံကြီးတစ်ခုကို မြန်မာနိုင်ငံက အခြား အင်အားကြီးနိုင်ငံတွေနဲ့ တွဲဖက်ပြီး ဦးဆောင်ကျင်းပခွင့် ရခဲ့ပါတယ်။ ညီလာခံကို နိုင်ငံပေါင်း ၂၉ နိုင်ငံတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံက အခြားသောနိုင်ငံကြီးတွေနဲ့ တွဲဖက်ပြီး စင်မြင့်ထက်မှာ ဦးဆောင်နေရာယူပြီး ဆွေးနွေးခွင့်ရခဲ့ပါတယ်။ အဲ့သည့် အာရှ – အာဖရိက ထိပ်သီးညီလာခံကြီးကို အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့မှာ ကျင်းပခဲ့တာမို့ “ဘန်ဒေါင်းညီလာခံ”ဆိုပြီး ကျော်ကြားပါတယ်။ ညီလာခံ တက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့ နိုင်ငံတွေထဲက အချို့သော နိုင်ငံ့အကြီးအကဲတွေဟာ ညီလာခံကျင်းပရာ အင်ဒိုနီးရှားနိုင်ငံ၊ဘန်ဒေါင်းမြို့ကို သွားရောက်ဖို့ဆိုရင် မြန်မာနိုင်ငံက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မဖြစ်မနေ ခရီးတစ်ထောက်(Transit)နားပြီးမှ ဆက်သွားလို့ရပါမယ်။ ဒီအချက်ဟာ မြန်မာနိုင်ငံက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေကြောင်းဟာ အာရှတိုက်ရဲ့ အချက်အချာ လေကြောင်းလမ်းတစ်ခု ဖြစ်ခဲ့တယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။ ဘန်ဒေါင်းညီလာခံကို တက်ရောက်မယ် နိုင်ငံ့ထိပ်သီးခေါင်းဆောင်ကြီးတွေဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းမှတဆင့် ရန်ကုန်မြို့မှာ ခေတ္တနားခိုနေတုန်း နိုင်ငံတော်သမ္မတ အိမ်တော်ကိုသွားရောက်ပြီး နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦးကလည်း သမ္မတအိမ်တော်မှာ ညစာစားပွဲနဲ့ ကြိုဆိုဧည့်ခံခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် နေရူး၊ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်၊ အီဂျစ်သမ္မတ နက်ဆာ၊မြောက်ဗီယက်နယ် နိုင်ငံခြားရေးဝန်ကြီး ဖန်ဗန်ဒွန်၊ အာဖဂန် နိုင်ငံခြားရေးဝန်ကြီး ဆာဒါမိုဟာမက်နိမ် စတဲ့ နိုင်ငံ့ကိုယ်စားပြုအကြီးအကဲတွေပါဝင်ခဲ့ပါတယ်။ ဧပြီလလယ်ကြီးဖြစ်နေတာမို့ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်နဲ့ ကြုံကြိုက်ခဲ့ပါတယ်။ မြန်မာနိုင်ငံနေရာအနှံ့ သင်္ကြန်ပွဲတော်ကျင်းပနေတဲ့ကာလဖြစ်တာမို့ ဝန်ကြီးချုပ်ဦးနုရဲ့ မေတ္တာရပ်ခံချက်အရ အခြားနိုင်ငံ့အကြီးအကဲတွေက မြန်မာ့ရိုးရာ ခေါင်းပေါင်း၊ တိုက်ပုံနဲ့ ပုဆိုးတို့ကိုဆင်မြင်းပြီး ငွေဖလားနဲ့ အတာရေသဘင်ပွဲကိုဆင်နွှဲခဲ့ပါတယ်။ အဲ့သည့်ကာလက မြန်မာနိုင်ငံရဲ့ နိုင်ငံတကာနဲ့ ရင်ဘောင်းတန်းနိုင်ခဲ့တဲ့ သမိုင်းဝင် မြင်ကွင်းများကို အမှတ်တရအဖြစ် မြန်မာဓာတ်ပုံမော်ကွန်း(Myanmar Photo Archive)မှ စုဆောင်းထားတဲ့ ဓာတ်ပုံများကို မျှဝေပေးလိုက်ပါတယ်။

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အိန္ဒိယဝန်ကြီးချုပ် နေရူး၊ အီဂျစ်သမ္မတ နက်ဆာနဲ့ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်တို့ ရောက်ရှိလာခြင်းကို မြန်မာနိုင်ငံရဲ့ဝန်ကြီးချုပ် ဉီးနုနဲ့ ဝန်ကြီးချုပ်ကတော် ဒေါ်မြရီတို့မှ ကြိုဆိုနှုတ်ဆက်နေပုံ
နိုင်ငံတော်သမ္မတအိမ်တော်သို့ ရောက်ရှိလာကြသောအကြီးအကဲများ (ဝဲမှယာ) မြောက်ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး ဖန်ဗန်ဒွန် (Pham Van Dong)၊ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင် ( Chou Enlai)၊ နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦး၊ အိန္ဒိယဝန်ကြီးချုပ် နေရူး(Nehru)၊ အီဂျစ်သမ္မတ နက်ဆာ(Nasser)၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချန်ရိ(Chen Yi)၊ ဝန်ကြီးချုပ် ဦးနု
တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်၊ နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦး၊ အိန္ဒိယဝန်ကြီးချုပ် နေရူး၊ အီဂျစ်သမ္မတ နက်ဆာ တို့နဲ့အတူ နောင်တွင် အိန္ဒိယနိုင်ငံရဲ့ အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာမယ့် အင်ဒီယာဂန္ဒီ ကိုပါ နိုင်ငံတော်သမ္မအိမ်တော်၌ အတူတကွတွေ့ရစဉ်
ထိပ်သီးအကြီးအကဲများစုံစုံညီညီနဲ့ သမ္မတအိမ်တော် ဧည့်ခံပွဲ
အစိုးရ ဧည့်ခံပွဲတစ်ခုသို့ တက်ရောက်လာတဲ့ ဦးနု၊ နေရူး ၊ နက်ဆာ နဲ့ အင်ဒီယာဂန္ဒီ
ဦးနုနှင့် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်
မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲဆင်နွှဲဖို့ ရောက်ရှိလာတဲ့ ဝန်ကြီးချုပ် ဉီးနုနဲ့ အကြီးအကဲများ
မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲကို မြန်မာ့ရိုးရာဝတ်စုံဖြင့် ဆင်နွှဲရန်ရောက်ရှိလာကြသော နိုင်ငံ့အကြီးအကဲများ ( ဝဲဘက်ထောင့်ဆုံးတွင် အင်ဒီယာဂန္ဒီ ကိုလည်း မြန်မာအမျိုးသမီး ဝတ်စုံဖြင့် ကြော့ရှင်းစွာ တွေ့နိုင်ပါတယ်။)
မြန်မာ့ရိုးရာ ခေါင်းပေါင်း၊ တိုက်ပုံနှင့် လုံချည်တို့ကို ဝတ်ဆင်ထားသော အိန္ဒိယဝန်ကြီးချုပ် နေရူး
အစိုးရ မဏ္ဍပ်မှ သင်္ကြန်စတုဒီသာအကျွေးအမွေး
မြန်မာ့ရိုးရာနဲ့အညီ လှည့်လည်ကပြသော သင်္ကြန်အလှပြယာဉ်များ
 

Nyan Yel Yint Win ဉာဏ်ရဲရင့်ဝင်းဟာ သမိုင်းကြောင်းဝါသနာရှင်နှင့် စုဆောင်းသူတစ်ဦးပါ။ သူ့စုဆောင်းမှုမှာ မြန်မာ့သမိုင်းကြောင်းကိုတွေ့ရမယ့် ဓာတ်ပုံ ၄ဝဝကျော်ရှိပြီး အဝတ်အစားများ၊ စာရွက်စာတမ်းများနှင့် ရှားပါးသွားပြီဖြစ်သော မဂ္ဂဇင်းများလည်းပါဝင်ပါတယ်။ သူရဲ့ယခုစုဆောင်းမှုတော်တော်များများကို ဘေးအိမ်မှာနေတဲ့သူတွေဆီကရခဲ့ပြီး အသိ အဘိုးတစ်ယောက်ဆီကနေထပ်တောင်းထားတာတွေရှိပေမယ့် အဲ့အဘိုးကတော့ သူ့ဓာတ်ပုံတွေနဲ့ ရှေးပစ္စည်းတချို့ ဉာဏ်ကိုမပေးသေးပါဘူး။